Monday, October 12, 2009

အိန္ဒိယ စစ်ဦးစီးချုပ် မြန်မာပြည်ခရီးစဉ် စတင်

အိန္ဒိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီပါ့ခ် ကပူးရ်သည် နှစ်နိုင်ငံ စစ်ရေး ကိစ္စရပ်များ ဆွေးနွေးရန် မြန်မာပြည်သို့ တနင်္ဂနွေနေ့တွင် သွားရောက်ခဲ့သည်ဟု အိန္ဒိယ အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။“သူရဲ့ ၃ ရက်ကြာ ခရီးစဉ်မှာ မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး၊ စစ်စခန်းတွေကိုလည်း သွားမှာ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အိန္ဒိယ ကြည်းတပ်မှ အရာရှိတဦးက အိန္ဒိယ သတင်းဌာနများသို့ ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရ သတင်းစာများတွင် သူ၏ ခရီးစဉ်အကြောင်း ဖော်ပြခြင်းမရှိပေ။

“သူသွားတာက နယ်စပ်က ကိစ္စတွေနဲ့ ဆက်စပ်မယ်လို့ပဲ ထင်တာပါပဲ။ ကျန်တာတော့ ကျနော်လည်း မသိတော့၊ အတွင်းကိစ္စလည်း ဖြစ်နေတော့ ဘာမှမပြောလိုပါဘူး” ဟု မြန်မာ့အရေး စိတ်ဝင်စားသူ အိန္ဒိယအထက် လွှတ်တော်အမတ် မစ္စတာ ရှရတ် ဂျိုရှီးက ဧရာဝတီသို့ပြောသည်။
သူ၏ ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာ့အရေး စိတ်ဝင်စားသည့် အိန္ဒိယရှိ နိုင်ငံရေးအဖွဲ့များ၊ အတိုက်အခံပါတီများက အသေးစိတ် ပြောဆိုခြင်း မရှိပေ။ အိန္ဒိယ သတင်းဌာနများကမူ အိန္ဒိယ၏ အရှေ့မျှော်ဝါဒအရ မြန်မာပြည်နှင့် စစ်ရေးအရ ပူးပေါင်းရန် သွားရောက်ခြင်းဖြစ်ပြီး မြန်မာအစိုးရနှင့် နီးစပ်သည့် တရုတ်ပြည်ထက် လက်ဦးမှု ရယူလိုခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။

အိန္ဒိယ အခြေစိုက် မြန်မာနိုင်ငံရေးသမားတဦးကမူ ဤခရီးစဉ်သည် စစ်ဗိုလ်ချုပ်များ အပြန်အလှန် ပြုလုပ်ကြသည့် ခရီးစဉ်တခုဖြစ်သည်ဟု သုံးသပ်သည်။

“နိုင်ငံရေးသမားအချင်းချင်း ဆက်ဆံရေးကို ရပ်ထားပြီးတော့ စစ်တပ်ကနေ ဆက်ဆံရေးကို ဆက်တိုက်ထားခဲ့တယ်။ အခုလည်းပဲ အဲဒီဟာကို အိန္ဒိယက စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စစ်တပ်ချင်း ဆက်ဆံရေးကို ဆက်ပြီး လုပ်တဲ့သဘောလို့ ကျနော်မြင်ရတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ဧရာဝတီသို့ ပြောသည်။

အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်နှင့် ပတ်သက်၍လည်း နှစ်နိုင်ငံ စစ်ခေါင်းဆောင်များ ဆွေးနွေးကြမည်ဟု ယူဆကြောင်း သူကဆိုသည်။

အိန္ဒိယ အစိုးရသည် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ ထွက်ပြေးလာသော ဒုက္ခသည်များကို ခိုလှုံခွင့် ပေးထားသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အားစုများကို အထူး ထောက်ခံအားပေးခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင်မူ မြန်မာ့အရေးတွင် ရေငုံနှုတ်ပိတ်နေခဲ့ပြီး စီးပွားရေးလုပ်ငန်းများအပြင် နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းလှုပ်ရှားခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းများကို ပိုမို လုပ်ဆောင်ခဲ့သည်။

ယခု အိန္ဒိယ စစ်ဦးစီးချုပ်၏ ခရီးစဉ်သည် မြန်မာပြည်တွင် နိုင်ငံရေး ညှိနှိုင်းမှုများ ဖြစ်ပေါ်လာရေးအတွက် တိုက်တွန်းကြရန် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကို ဖိအားပေးနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံက တည်ဆောက်ရမည်ဖြစ်သော တရုတ်နှင့် အာဆီယံ နိုင်ငံများကို ဖြတ်သန်းသွားမည့် စင်ကာပူ-ကူမင်း မီးရထားလမ်း အမြန်ဆုံး ဆောက်လုပ်ရန် အာဆီယံနိုင်ငံများက ဖိအားပေးနေသည့် အချိန်၊ မြန်မာနိုင်ငံအတွင်း လမ်းပိုင်းအတွက် တရုတ်အစိုးရက ကူညီမည်ဟု ကြေညာထားသည့် အချိန်၊ အိန္ဒိယအစိုးရက သူ၏ နယ်စပ်လုံခြုံရေး အတွက် စိုးရိမ်မှု မြင့်မားနေချိန်တို့နှင့် တိုက်ဆိုင်နေသည်။

“တရုတ်နိုင်ငံရဲ့ ဗမာပြည်မှာ တိုးလာတဲ့ ပူးပေါင်းဆက်ဆံမှု၊ ဥပမာ ရထားလမ်းနဲ့ ဂက်စ်ပိုက်လိုင်း ဆောက်မယ့်ဟာ အပါအ၀င်ပေါ့လေ။ ဒီကိစ္စတွေပေါ်မှာ ဗိုလ်ချုပ်ကြီး ကပူးရ်ရဲ့ စိုးရိမ်ချက်ရယ်၊ အိန္ဒိယမြောက်ဘက်က အိန္ဒိယ သူပုန်တွေအတွက် စိုးရိမ်မှုတွေ ဒီကိစ္စကို ဆက်ပါလိမ့်မယ်။ ဒီသူပုန်တွေက လှုပ်ရှားမှုတွေ တိုးပြီးတော့ များလာတော့ ဒီအပေါ်မှာ အိန္ဒိယက စိုးရိမ်ပူပန်မှုတွေ များလာတယ်” ဟု ဒေါက်တာတင့်ဆွေက ပြောသည်။

တရုတ်နိုင်ငံ တိဘက်ဒေသနှင့် နိမိတ်ချင်းထိစပ်နေသော အိန္ဒိယအရှေ့မြောက်ပိုင်း အာရွန်နာချာပရာဒေ့ရှ် ပြည်နယ်နှင့် အာသံပြည်နယ်အတွင်း ခြေကုပ်ရယူထားသော အာသံခွဲထွက်ရေးအဖွဲ့က လှုပ်ရှားမှုများ ပိုမို တိုးမြင့်လုပ်ဆောင်နေသည်။ အာသံခွဲထွက်ရေး ခေါင်းဆောင် ပါရက်ရှ်ဘာရူရာက တရုတ်အာဏာပိုင်များနှင့် ဆက်သွယ်နေသည် ဟု သတင်း ထွက်နေသဖြင့် အိန္ဒိယ၏ စိုးရိမ်မှု ပိုများလာသည်။

မြန်မာနိုင်ငံမှတဆင့် တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်၊ ထိုမှ အိန္ဒိယ သမုဒ္ဒရာဒေသနှင့် မလက္ကားကျွန်းဆွယ်အထိ ပင်လယ်ထွက်ပေါက် ရနေသည်။ ဤအနေအထားက အိန္ဒိယအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း အကဲခတ်များက ဆိုသည်။

နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများတွင် နယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် သဘောထားများ၊ အပေးအယူကိစ္စများ ပါဝင်တတ်သည်ဟု မြန်မာတိုင်းရင်းသားအဖွဲ့များက ဆိုသည်။

“ရှိပြီးသား သဘောထားအတိုင်းဆိုရင်တော့ အိန္ဒိယဘက်က များများ နအဖကို ပြန်ပြီးတော့ ဖိအားပေးနိုင်တဲ့ အခြေအနေ ရှိလိမ့်မယ်လို့ ကျနော်မြင်တယ်။ နအဖနဲ့ သူတို့ တွေ့ပြီ ဆိုရင်တော့ အဲဒီ ဖိအားပေးမှုတွေ ရှိလာတတ်တယ်။ ဥပမာ နယ်စပ်မှာ ကျနော်တို့ စခန်းတွေ လုပ်မရတာမျိုး၊ လာပြီး စစ်တာမျိုး ရှိတယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) အတွင်းရေးမှူး ဦးပေါလ်ရှီတ က ဧရာဝတီကိုပြောသည်။

အိန္ဒိယသူပုန်အဖွဲ့များကို မြန်မာအစိုးရက ကူညီနေကြောင်း၊ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) မှ ထုတ်လုပ်သည့် လက်နက်ပစ္စည်းများကိုလည်း ထောက်ပံ့ထားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ဗိုလ်မှူးခိုင်မျိုးမင်းက ပြောသည်။

“အခုလိုသွားတဲ့ ကိစ္စတွေမှာ ကျနော်တို့အတွက် အကောင်းရှိလာဖို့ ဆိုတာထက် အဆိုးရှိလာဖို့ပဲ များပါတယ်။ အိန္ဒိယ ဆန့်ကျင်ရေး လုပ်တဲ့ သူပုန်တွေက သုံးတဲ့ လက်နက်ခဲယမ်းတွေက ကပစ က ထုတ်တဲ့ လက်နက်ခဲယမ်းတွေတောင် ပါတယ်လို့ ကျနော်တို့ ကြားနေရတယ်။ ဆိုတော့ တဖက်သက် လိုက်လျော ဆက်ဆံနေရတဲ့ ပုံစံမျိုးပေါ့” ဟု ဗိုလ်မှူးခိုင်မျိုးမင်းက ဆိုသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးများနောက်တွင် အိန္ဒိယက စစ်လေယာဉ်၊ ကမ်းရိုးတန်းသွားရေယာဉ်၊ လေယာဉ်ပစ် လက်နက်များ၊ သေနတ်နှင့် ခဲယမ်းများ၊ နည်းပညာများ ထောက်ပံ့ ပေးအပ်ခြင်းများရှိခဲ့သည်။

၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အိန္ဒိယခွဲထွက်ရေး သူပုန်များကို နှစ်နိုင်ငံ ပူးပေါင်း တိုက်ခိုက်သည့် ကာလအတွင်း အိန္ဒိယအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား Jawaharlal Nehru ဆုချီးမြှင့်လိုက်ချိန်မှ စ၍ မြန်မာ အစိုးရဘက်က စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ရပ်နားလိုက်သည်။ သို့သော်လည်း နှစ်နိုင်ငံအစိုးရချင်း ဒေသအလိုက် အပြန်အလှန် သတင်းဖလှယ်ခြင်းများ ဆက်လက် ဆောင်ရွက်ခဲ့သည်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ စစ်ကိုင်းတိုင်း တမူးမြို့နယ်တို့မှာ အိန္ဒိယ ခွဲထွက်ရေး ကသည်းသူပုန်များ ခိုလှုံသည့် အထင်ကရ နေရာများ ဖြစ်သည်။ ကသည်းသူပုန်တို့သည် မြို့ပေါ်တွင် လက်နက်ကိုင်၍ နေထိုင်ကြသည်။

သို့သော် ဇွန်လ ၇ ရက်နေ့က တမူးမြို့ပေါ်ရှိ ကသည်းလူမျိုးတဦး၏ နေအိမ်တွင် လက်နက်ခဲယမ်းများ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တမူးမြို့ပေါ်တွင် လက်နက်ကိုင်ဆောင် ထားရှိခြင်းကို မြန်မာအစိုးရက ကန့်သတ်လိုက်သည်။

ကချင်ပြည်နယ်အတွင်းတွင်လည်း ကသည်းသူပုန်များကို နေရာချထားပေးသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သွားပါက ကူညီတိုက်ခိုက်နိုင်စေရန် မြန်မာစစ်အစိုးရက နေရာချထားခြင်း ဖြစ်သည်ဟု ၎င်းတို့က သုံးသပ်သည်။

သို့သော် နှစ်နိုင်ငံ စစ်ခေါင်းဆောင်များ တွေ့ဆုံသည့်အခါ အိန္ဒိယ ခွဲထွက်ရေးသူပုန်များကို လက်ခံထားခြင်း မရှိကြောင်း မြန်မာစစ်အစိုးရက ပြောကြားလေ့ရှိသည်။

ဧရာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြထားပါသည်

Monday, October 5, 2009

ဗမာစစ်သားအချင်းချင်းပစ်သတ် ၅ ယောက်ထက်မနည်းသေ

တနင်္လာနေ့၊ 05 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်

မိုးနဲအခြေစိုက် ခလရ ၂၄၈ တပ်ခွဲ ၂ မှစစ်သားများ ကျေးသီးမြို့နယ်သို့ စစ်ကြောင်းထွက်စဉ် အချင်းချင်းအခြေအတင် စကားများရန်ဖြစ်ရာမှ လက်ပစ်ဗုံးခွဲ၊ ပစ်ခတ်ကြသဖြင့် ၅ ယောက်ထက်မနဲ သေဆုံးကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်က ပြောပါသည်။

“အောက်တိုဘာ ၁ ရက်နေ့ ည ၁၁ နာရီကျော်လောက်ပေါ့ အရက်ဝိုင်းမှာသူတို့အချင်းချင်းစကားများ ရန်ဖြစ်ပြီးပစ် သတ် ကတာ၊ စစ်ကြောင်းမှူးရဲ့စာရေး က လက်ပစ်ဗုံးနှစ်လုံးခွဲတယ်၊ တချို့က သေနတ်နဲ့ပြန်ပစ်တယ်၊ ၁၅ ယောက် ထက်မနည်း သေကြေဒဏ်ရာရတယ်။ အဲထဲက ၅ ယောက်တော့ သေတာဘဲ။” - ဟု ကုန်သည်တဦးက ပြောပါသည်။

ထိုရန်ပွဲမှ စစ်ကြောင်းမှူး ဗိုလ်မှူးဇော်ထွန်းလည်း အပြင်းအထန်ဒဏ်ရာရသဖြင့် သေဖို့များကြောင်း၊ ထော်လဂျီဖြင့် လဲချား ဆေးရုံသို့ ညတွင်းချင်းပို့လိုက်သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ၂ရက်နေ့တောင်ကြီးသို့ပို့ဆောင် ကုသရကြောင်း ဆက်ပြောပါသည်။
“အခုအချင်းချင်းပစ်သတ်ကြတဲ့ စစ်ကြောင်းကို လဲချားမြို့နယ် ပန်ဖွန်း အခြေစိုက် ခလရ ၉ တပ်စခန်းမှာခေတ္တသွား နေခိုင်း ထားတယ်။ သူတို့အချင်းချင်းသတ်ကြတာလို့မပြောဘူး။ သျှမ်းပြည်တပ်မတော်က သူတို့ကိုလာတိုက်တယ် လို့ လူထု အကြားသတင်းလွင့်ထားတယ်ပြောတယ်။ ဒေသခံတွေကိုလဲ အဲလိုပဲပြောတယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသခံတဦး ကပြောပါသည်။

ဂျူလိုင်လနှောင်းပိုင်းက စစ်အစိုးရတပ် မီးရှို့ဖျက်ဆီးလိုက်သော သျှမ်းပြည်အလယ်ပိုင်း ကျေးရွာ ၃၉ ရွာအား ပြန်လည် ထူထောင်ရေးအတွက် တာဝန်ကျ နယ်လှည့်သည့် မိုးနဲအခြေစိုက် ခလရ ၂၄၈ မှ ဗိုလ်မှူးဇော်မိုး ဦးဆောင်သောအဖွဲ့ အင်အား ၅၀ ခန့်ရှိ တပ်ခွဲ ၂ စစ်ကြောင်းက ကျေးသီးမြို့နယ် မိုင်းယိုင်း ကျေးရွာအုပ်စုသို့ ရောက်ရှိစဉ် အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

Monday, September 28, 2009

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှုးဖိနပ်များဖြင့် ပစ်ပေါက်ခံရ

ဖနိဒါ
တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 23 နာရီ 57 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ဝန်ကြီးချုပ် ဦးသိန်းစိန်တို့အား မြန်မာ့အရေး လှုပ်ရှားသူများက ယနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လာသူ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား သူတို့ တည်းခိုနေသော နယူးယောက်မြို့ရှိ East Gate Hotel ရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၃၀ ခန့်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“သိန်းစိန်နဲ့ ဦးဥာဏ်ဝင်းကို ဆန္ဒပြတယ်။ ဟိုတယ်ရှေ့မှာ ၇ နာရီ (မနက်) ကနေ ပိတ်ပြီး စောင့်နေတာ။ ၉ နာရီထိ လုပ်မယ်။ ကျနော်တို့က လူဦးရေ ၃ဝ လောက် ရှိတယ်။ ဘုန်းကြီး ၂ ပါး ကြွလာတယ်။ ဦးဥာဏ်ဝင်းက ထွက်လာတော့ ဖိနပ်နဲ့ ပေါက်လိုက်တယ်။ ဒို့ထဲက တယောက် ဖမ်းခံထိတယ်။ လုံခြုံရေးတွေ အများကြီးပဲ” ဟု ဆန္ဒပြပွဲ ဦးဆောင် သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲတွင် သာသနာ့ဥသျှောင်အဖွဲ့ သံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ (Free Burma federation)၊ Women on the move for Burma စသည့် အဖွဲ့များက ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲအား လက်မခံကြောင်း၊ ဗိုလ်ချုပ်ပေးသည့် စစ်ပညာ ကျောင်းသားပြည်သူ သတ်ရန် မဟုတ်၊ Free Burma ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်လွှတ်ပေး” စသည်တို့ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့မှ တာဝန်ခံ ဦးမိုးသီးဇွန်ကလည်း “ဒီစစ်အစိုးရက တရားမဝင် သူတို့ ကုလသမဂ္ဂမှာ စကားပြောခွင့် မရှိဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတယ်။ ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် ယခုလ ၂၇ ရက်နေ့တွင် နယူးယောက်သို့ ရောက်ရှိခဲ့သည်။

ယခုလ ၂၃ ရက်နေ့တွင် ဝါရှင်တန်ဒီစီ မြို့တော်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှ ဆပ်ကော်မတီ မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb တွေ့ဆုံခဲ့သည်။

မစ္စတာဝက်ဘ်သည် ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ခိုးဝင်ရောက်သူ မစ္စတာယက်တောကိုလည်း အမေရိကန်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သူ ဖြစ်သည်။